ဗဟိုပျောက်နေတဲ့ ပညာရေး
ဧရာဝတီ / Heavyrain / 2 days ago
ဆရာ ဆရာမတွေကို စပြင်ပေးရမယ်။ စသင်ပေးရမယ်။ မွမ်းမံသင်တန်းတွေ ပေးရမယ် (ဓာတ်ပုံ – JICA)
ပညာရေးဝန်ကြီးဌာန အာဏာပိုင်တွေက မြန်မာနိုင်ငံမှာ “ကျောင်းသားဗဟိုပြု သင်ကြားရေး” ကို ဦးစားပေး အကောင်အထည်ဖော်မယ်လို့ ထုတ်ပြန်ကြေညာလိုက်တော့ အတိုင်းမသိ ၀မ်းသာပျော်ရွှင်ရပါတယ်။ ၀န်ကြီးအဖွဲ့ကိုလည်း ကျေးဇူးတင် သာဓုခေါ်မိပါတယ်။
ဒါပေမယ့် ဒီကျောင်းသားဗဟိုပြု သင်ကြားရေးက မူကြိုတန်းက စမှဖြစ်မယ် ထင်ပါတယ်။ အနည်းဆုံး ၂ တန်း၊ ၃ တန်းကနေ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ အားလုံးဟာ “ဆရာဗဟိုပြု သင်ကြားရေးဆိုတဲ့ ပါတာဖတ်၊ လိုက်အော်” ဆိုတဲ့ သင်ကြားရေးစနစ်ဟောင်းကြီးထဲမှာ ခေါက်ရိုးကျေနေတဲ့ ပုံစံခွက်ထဲ ရေခဲရိုက်ခံထားရပြီး အသားကျနေကြရုံတင်မက လောက်ပါထိုးနေကြရှာပါပြီ။
ဒါကြောင့် ပုံစံခွက်ထဲ အသွင်းမခံရသေးတဲ့၊ ပုံသွင်းလို့ရသေးတဲ့ မူကြိုတန်းကလေးတွေကစပြီး “ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်”ကို စတင်ကိုင်တွယ်မှ ဆရာရော၊ ကျောင်းသားပါ အဲဒီစနစ်မှာ ကျင့်သားရရင်း ကျွမ်းကျင်အောင်မြင်နိုင်ပါလိမ့်မယ်။
နေပြည်တော်က လက်ရှိအာဏာရ ပညာရေးဝန်ကြီးဌာနက တူမောင်၊ တူမတို့ စဉ်းစားစေချင်ပါတယ်။ တူမောင်တို့ တူမတို့လက်ထက်မှာ ထပ်မမှားစေချင်ပါဘူး။ အရင်လူတွေ မှားခဲ့ကြသမျှ နာမည်ကောင်း ယူလိုက်ကြစမ်းပါကွယ်။ ဆရာလက်ရွေးစင်တွေ စုရာမှာလည်း အလျင်မလိုပါနဲ့၊ မလောပါနဲ့။ မှားခဲ့ကြောင်းတွေ၊ ဟားရတဲ့အကြောင်းတွေလည်း များလှပြီ။
ဒီလိုကွဲ့ အရင်အစိုးရ နအဖလက်ထက်မှာ မူလတန်းကလေးတွေကို အင်္ဂလိပ်စကားပြော သင်ပေးရမယ်လို့ အထက်က အဘကြီးကြီးက အမိန့်ထုတ်လိုက်တယ်။ သင်ပြရမယ့် ဆရာမလေးတွေကလည်း အင်္ဂလိပ်စာ တတ်ခဲ့ကြတာမဟုတ်။ ဒါပေမယ့် အထက်အမိန့်ဆိုတော့ စိတ်ပျက်လက်ပျက်နဲ့ ကြိုးစားသင်ကြားရရှာတာပါပဲ။
ဆရာမက ကျောင်းသားလေးရှေ့ မတ်တပ်ကလေးရပ်ပြီး သူ့ရင်ဘတ်ကလေးကို ပုတ်ပုတ်ပြီး “I, I, I” လို့ ဆိုပြရှာတယ်။ ပြီးတော့ ကလေးကို လက်ညှိုးထိုးထိုးပြီး “You, You, You” လို့ သုံးကြိမ်ဆိုပြရှာတယ်။
ပြီးတော့မှ စာမေးပွဲ စ စစ်တယ်။
“I ဆိုတာ ဘာလဲကလေး”
“ရင်ဘတ်ပါချာမ”
ဆရာမလေး ငိုချင်သွားတယ်။
ဒါနဲ့ နောက်မေးခွန်းတခုကို အားတင်းပြီးမေးတယ်။ လက်ညှိုးလေးထိုးပြီးတော့ပေါ့လေ။
“ကဲ You ဆိုတာကရော ဘာလဲကွယ်”
“လက်ညှိုးပါချာမ”
ဆရာမလေး ခြုံးပွဲချငိုသတဲ့။ သေပြီဆရာ။
အဘတို့ပြောတဲ့ အထက်အမိန့်ဆိုတာ ပညာရေးဝန်ကြီးဌာနမှာတော့ သိပ်အဆင်ပြေလှမယ်မထင်ဘူး။ တကယ်တော့ ပညာရေးဆိုတာ ပညာရေးဝန်ကြီးဌာနနဲ့တကွ အောက်အဆင့်ဆင့် အုပ်ချုပ်ရေးတွေနဲ့ တကယ်လက်တွေ့သင်ကြားနေကြရတဲ့ ဆရာ၊ ဆရာမတွေရဲ့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ကို ပေးထားရမှာပါ။ တပြိုင်နက်တည်းမှာပဲ “ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်” ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာ၊ ဆရာမတွေကို မွေးထုတ်ရမှာပါ။ သူတို့လည်း စနစ်ဟောင်းပုံစံခွက်ထဲမှာ ခေါက်ရိုးကျိုးနေခဲ့ကြရတဲ့ သူတွေကိုး။
ဒီတော့ သူတို့ကို စပြင်ပေးရမယ်။ စသင်ပေးရမယ်။ မွမ်းမံသင်တန်းတွေ ပေးရမယ်။ သင်တန်းမှာထူးချွန်တဲ့ ဆရာ၊ ဆရာမတွေကို English 4 Skills ဉာဏ်သစ်လောင်းပေးပြီး၊ ကျောင်းသားဗဟိုပြု ပညာရေးစနစ်နဲ့ ကမ္ဘာ့ပညာရေး ထိပ်တန်း ၅ နိုင်ငံမှာပါဝင်နေတဲ့ Finland (ဖင်းလင်း(ဒ်))၊ Sweden (ဆွီဒင်)၊ Norway (နော်ဝေ) စတဲ့ နိုင်ငံတွေကို မွမ်းမံသင်တန်း လွှတ်ပေးရပါမယ်။
ဒါမှ နှစ်ပေါင်း ၅၀ ကျော် ပျက်စီးပြတ်တောက်သွားတဲ့ ဆရာမျိုးဆက်ကိုလည်း ပြန်လည် ထူထောင်နိုင်ပါလိမ့်မယ်။ သင်နိုင်၊ သင်တတ်တဲ့သူ မရှိလို့ ဘာမှတတ်မလာကြတဲ့၊ ၁ ပုဒ်ခွဲဖြေရင် ဘွဲ့ရလာကြတဲ့၊ ဘွဲ့ရ ပညာမတတ်လေးတွေ ပပျောက်သွားမှာပါ။
အရေးကြီးဆုံးက ဆရာအတတ်သင် ကောလိပ်၊ ပညာရေးတက္ကသိုလ် ၀င်ခွင့်အမှတ်တွေဟာ တက္ကသိုလ်ဝင်ခွင့်ထဲမှာ အမြင့်ဆုံးဖြစ်ရပါမယ်။ ဆရာ၊ ဆရာမ ဖြစ်လာလျှင်လည်း လစာအမြင့်ဆုံး ပေးရပါမယ်။ နိုင်ငံတော်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးတွေရဲ့ ပညာရေးနဲ့ အရည်အချင်းဟာ သူတို့လက်ထဲမှာမို့ပါ။
ဒါကြောင့် စောစောကပြောခဲ့တဲ့ ကမ္ဘာ့ပညာရေး အဆင့်မြင့်ဆုံးလို့ သတ်မှတ်ခံရတဲ့ နော်ဝေ၊ ဆွီဒင်၊ ဖင်းလန်း(ဒ်)တို့မှာ ဆရာဖြစ်သင်တက္ကသိုလ်၊ ကောလိပ်ဝင်ခွင့်၊ အမှတ်တွေဟာ ဆေး၊ စက်မှုတို့ထက် ပိုမြင့်နေလို့ပါပဲ။ နော်ဝေနဲ့ ဖင်းလန်း(ဒ်)တို့မှာ မူလတန်းပြ ဆရာမလေးရဲ့ လစာနဲ့ တက္ကသိုလ်က ပါရဂူဘွဲ့တွေ အများကြီးရထားတဲ့ ပါမောက္ခကြီးရဲ့လစာဟာ အတူတူပဲတဲ့ခင်ဗျ။
စကားမစပ် ဒီဆရာ၊ ဆရာမတွေ ဘယ်မှာ ၀ိုင်းကျူရှင်သင်ကြပါတော့မလဲ။ စားဝတ်နေရေး လုံခြုံသွားပြီကိုး။
ဒါပေမယ့် “ကျောင်းသားဗဟိုပြု” နဲ့အတူ “ဆရာဗဟိုပြု သင်ကြားရေး” ကလည်း အချိန်ကာလတခုတော့ ကပ်ပါနေဦးမှာပဲ။ ဒီတော့ ဆရာဗဟိုပြုနဲ့ ကျောင်းသားဗဟိုပြု သင်ကြားရေးကို ဆက်စပ်သင်ကြားနည်းကတော့ အကျင့်ပါနေဦးမှာပဲ။ တဖြည်းဖြည်းတော့ ပျောက်သွားမှာပါ။ ဆရာတွေ အရည်အချင်းရှိလာလေလေ၊ ဟန်ချက်ညီညီနဲ့ အောင်မြင်လေဖြစ်မှာပါပဲ။ ကျောင်းသားရော၊ ဆရာရော အချိန်တခု (အဲ-တိုတို) တော့ ယူကြရမှာပေါ့။
ဒီနေရာမှာ မဆလ၊ န၀တနဲ့ နအဖ လက်ထက်က တပါတီအာဏာရှင်စနစ်ကို ပံ့ပိုးပေးဖို့၊ နိုင်ငံရေးမှိုင်းတိုက်ပေးတဲ့၊ တပါတီသစ္စာခံလေးတွေ မွေးထုတ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်ခဲ့ကြတဲ့၊ ဖောင်ကြီးတို့၊ ဇီးပင်ကြီးတို့ဆိုတဲ့ ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကို သေနတ်ပစ် သင်ခိုင်းတဲ့အလုပ်၊ ဒို့တာဝန် အရေးသုံးပါးတွေ၊ နိုင်ငံရေးဦးတည်ချက်တွေ၊ စီးပွားရေးဦးတည်ချက်တွေကို အလွတ်ကျက်ခိုင်းပြီး အချိန်ဖြုန်းမနေကြပါနဲ့တော့။ ဘာမှလည်းမဆိုင်ဘူး၊ ဘာမှလည်း အကျိုးမရှိပါဘူး။ လာတက်ကြရတဲ့သူတွေကလည်း အထက်အမိန့်အရသာ လာကြရရှာတာ။ ရာထူးတိုးတဲ့နေရာမှာ အထောက်အပံ့လေးများ ရမလားဆိုတဲ့ မျှော်လင့်ချက်လေးတွေနဲ့ လာကြတာ။ ဘာမှယုံကြည်ကြတာမဟုတ်ဘူး။
သူငယ်ချင်း ပင်စင်စား အထက်တန်းကျောင်းအုပ်ကြီးတယောက်ရဲ့ ညည်းသံကြောင့် ရယ်ကြရသေးတယ်။ “ဆရာရယ် ဖောင်ကြီးကဆင်းလာတော့၊ ဖင်ကြီးစောင်းလာတာသာ အဖတ်တင်ပါတယ်။ ဘာမှလည်း တတ်မလာကြပါဘူးဗျာ” တဲ့။
ကဲ စောစောကပြောခဲ့သလို မူကြိုတန်းမှာ ကျောင်းသားဗဟိုပြု သင်ကြားရေး စတော့မယ်ဆိုပါစို့။ ဘယ်မှာလဲ သူတို့အတွက် သင်ကြားရေး အထောက်အကူပစ္စည်း။ ဘယ်မှာလဲ ပန်းချီခန်း။ ကျနော်တို့တုန်းကဆိုရင် Colombo စီမံကိန်းက ထောက်ပံ့တဲ့ ရေဆေးဆွဲဖို့ Waterman paper (အခုခေတ် ဆင်းရဲတဲ့ပန်းချီဆရာလေးတွေ မကိုင်နိုင်ရှာဘူး) Reeves ရေဆေးတွေ၊ ဂျာမဏီလ်ုပ VENUS တံဆိပ် ပုံဆွဲခဲတံ အရွယ်စုံ 5S-2H-5H-5B-6B တွေ ကြိုက်သလောက်သုံး။ စက်မှုလက်မှုခန်းမှာ စက္ကူရောင်စုံနဲ့ ထရံလေးတွေယက်ခိုင်းတယ်။ ပျော်လိုက်တာ။ ကလေးဖြစ်တဲ့ ကိုယ့်ကို ဗဟိုပြုပြီး ပစ္စည်းအစုံအလင်နဲ့ သင်ပေးတာဆိုတော့ ချက်ချင်းတတ်တာပေါ့။
ပန်းချီပညာသင်ခန်းမှာ အစိုးရက စနစ်တကျခန့်ထားတဲ့ ပန်းချီနည်းပြဆရာ (Drawing master) အဆင်သင့်။ မျဉ်းကြောင်းအဖြောင့်၊ အကွေးရေးနည်းက စ သင်ပေးတယ်။ စက္ကူနဲ့ခဲတဲ့ ကုန်ချင်သလောက်ကုန်။ တပတ်တခါ ပျော်လိုက်တာ။
စက်မှုလက်မှုပညာသင်ခန်းမှာလည်း အစိုးရခန့် (Engnieering teacher) ရှိတယ်။ ဒီမိုကရေစီနိုင်ငံမို့ နိုင်ငံတကာက လှူထားတဲ့ တွင်ခုံတွေ ဖောက်စက်တွေ၊ ကလေးတွေ ဒိုင်းလွှနဲ့ အရုပ်လှီးဖို့ သုံးထပ်သားပြားတွေ၊ သုံးချင်သလောက် သုံး၊ ပျက်ချင်သလောက် ပျက်၊ ဆရာက မျက်နှာမပျက်၊ အောင်မြင်လာတဲ့ ကလေးကို မုန့်ကျွေး ကျောင်းပြခန်းများတင်ပြီး ဆုပေးသေး။ တကျောင်းလုံးကလည်း လက်ခုပ်တီးသြဘာသပေးချီးကျူးကြ။ ပျော်လိုက်တာ။ အခု အဲဒါတွေဘယ်မှာလဲ။
မိန်းကလေးတွေအတွက်ဆိုလည်းအိမ်တွင်းမှု သိပ္ပံခန်းနဲ့ အစိုးရခန့် အိမ်တွင်းမှု သိပ္ပံဆရာမ (Demestic Teacher) က၊ ဇာထိုး၊ ပန်းထိုး၊ အချက်အပြုတ်၊ အချုပ်အလုပ်တွေ သင်ပေးပါတယ်။ ဒါကြောင့် သူတို့လည်း HKG (မူလတန်းကြီး) နဲ့ ပထမတန်း၊ ဒုတိယတန်းဆိုရင် တချောင်းထိုး၊ နှစ်ချောင်းထိုး၊ ဇာထိုးတတ်ပြီး၊ လည်းစီးလေးတွေ အင်္ကျီလေးတွေထိုးပြီး လက်စွမ်းပြနိုင် နေကြပြီ။ အဲတခါတလေ သူတို့လက်စွမ်းပြပြီး လုပ်ရောင်းတဲ့ မုန့်တွေကို တကျောင်းလုံးဝယ်စားကြရပါတယ်။ ကောင်းရင် ချီးကျူးကြ၊ မကောင်းရင် မေတ္တာပို့ကြ၊ ရန်ဖြစ်ကြ၊ ပျော်လိုက်တာဗျာ။
ကျောင်းမှာ ဘောလုံးကွင်း၊ ဘတ်စကက်ဘောကွင်း၊ ဘော်လီဘောကွင်း၊ ကြက်တောင်ရိုက်ကွင်း၊ ပင်ပေါင်ခုံအစုံ ရှိပါသဗျာ။ ဒါတွေကို အခြေခံနည်းစနစ်ကအစ၊ သင်ပေးမယ့် အစိုးရခန့် ကျွမ်းကျင်သူ ကာယပညာဆရာ (Physical Training Teacher) ကျနော်တို့ကတော့ PT ဆရာလို့ အလွယ်အတိုခေါ် ပါတယ်။ ဒီတော့ ကျနော်တို့မှာ အားကစားဆိုရင်လည်း အခြေခံမျိုးစုံတော့ တတ်နေပြီ။ ဒါကြောင့်လည်း အဲ့ဒီ အခြေခံပညာကျောင်းထွက်ကျောင်းသားလေးတွေဟာ အားကစားနယ်ပယ်ရပ်အသီးသီးမှာ အာရှချန်ပီယံတွေဖြစ်ကုန်ကြတာပါပဲ။ ကျောင်းသားကို ဗဟိုပြုသင်ကြားတဲ့စနစ်ကို ငယ်ငယ်ကလေးကတည်းက စတင်မိတ်ဆက်ပေးခဲ့ကြလို့လေ။
ဒါကြောင့် ငယ်စဉ်က ဘောလုံးကွင်းမရှိ၊ နည်းပြဆရာမရှိဘဲ ကစားခဲ့ကြရပြီး အရှေ့တောင်အာရှမှာ အထိုက်အလျောက် အဆင့်တဆင့်ကို ရောက်နေကြတဲ့ U-20, U-23 တွေကို အရမ်းအံ့သြ၀မ်းသာ ဂုဏ်ယူမိပါတယ်။
ဆိုလိုတာက “ကျောင်းသားဗဟိုပြု သင်ကြားရေးစနစ်” ကိုအကောင်အထည်ဖော်မယ်ဆိုရင်၊ စိတ်ပိုင်း ပြင်ပြီးပြီလား၊ ရုပ်ပိုင်းရော ပြည့်စုံအောင် ဖြည့်ဆည်းပြီးပြီလားလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြစေလိုပါတယ်။ အထူးသဖြင့် ပညာရေးဌာနနဲ့ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသားတွေကို အစိုးရနဲ့ လွှတ်တော်အသီးသီးက ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချပေးစေချင်ပါတယ်။
ပညာရေးဌာနက တာဝန်ရှိသူ၊ တူတော်၊ တူမတော်တို့ရေ သမီးတို့က ပညာတတ်တွေပဲ၊ ပညာရေးနဲ့ မိုင် ၆၀၀ လောက်ဝေးတဲ့ အဘတချို့ဆီက တချို့တချို့သော အထက်အမိန့်ဆိုတာတွေကို ပြန်လှန်ညှိနှိုင်း ဆွေးနွေးကြပါဦး။ တချို့သော ပညာတတ်လွှတ်တော်ကိုယ်စားလှယ်ကြီးတွေကလည်း လွှတ်တော်ထဲ နားပေါက်အောင် ပြောပေးကြပါဦး။
ပညာရေးဝန်ကြီးဌာန အဓွန့်ရှည်ပါစေ၊ ဧကဒသမအကြိမ်မြောက် အစမ်းသပ်ခံပညာရေးကြီး အောင်ပါစေ။
စာကြွင်း။ ။ပညာရေးဌာနက တူတော်၊ တူမတော်တို့ရေ ၊ နေပြည်တော်က မင်းတို့ရဲ့ အဘတွေထက် အသက်ဝါကြီးတဲ့ သူမို့ လမ်းမှာတွေ့ရင် “ဘကြီးမင်းသစ်”လို့ ခေါ်ကြနော်၊ သာဓုပါကွယ်၊ သာဓုပါ၊ သာဓုပါ။
(မင်းသစ်သည် ရန်ကုန်အခြေစိုက် ဝါရင့်စာရေးဆရာတဦးဖြစ်ပြီး သရော်စာရေးသားရာတွင် အထူးလူသိများသည်)
The post ဗဟိုပျောက်နေတဲ့ ပညာရေး appeared first on ဧရာဝတီ.
Visit website